ဆရာတော် အရှင်သူမြတ်ဘုရား
ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက် ထိုလူ သွားရောက်ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို
ကြားဖူးပါသည်။
ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။
ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို
သိလို
ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင် ပါသည်ဘုရား။
(ဖြေ)
“ယမမင်း”
“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို
မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ
ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-
“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံရခြင်း နှင့်
သေခြင်း” ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည်ကိုသတိပြုမိပြီး ကောင်းမှုတွေ
ပြုခဲ့ရဲ့လောဟု စစ်မေး၏။
မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ
မကောင်းမှုကို ပြုခဲ့ပြီ။
သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။သင်သာလျှင် ခံရလိမ့်မည်ဟု
ဆိုပြီး ဆိတ်ဆိတ်နေ၏။
ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး
မကုန်သရွေ့ ထိုငရဲ၌ ခံနေရ၏။
“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။
တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီ ရှိ၏ ။
(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည်
တရား
အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ ။
“သိကြားမင်း၏ ဝရဇိန်လက်နက်၊
အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊
ယမမင်း၏ (ဒေါသဖြင့်ကြည့်လျှင်ပြာကျစေ
နိုင်သော)မျက်လုံးလက်နက်
ဟုလက်နက်ကြီး လေးမျိုးရှိ၏။
“အဓိပ္ပာယ်တစ်မျိုး”
“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော ”
အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ
ယမမင်းရဲ့အာဏာစက်ကွင်းမှမလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
လို့လည်း နာမည်တစ်မျိုးနဲ့
ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာဘုရားဟောပါ။
“လူဖြစ်ချင်သူ”
ယမရာဇသုတ် အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို
ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့်
ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့”အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။အဲဒီလို ယမမင်းအကြံ
ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာသူများ အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ်လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။
(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ
ယမရာဇသုတ်ကို
ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။
“ငရဲနှင့် ငရဲထိန်း”
ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ
ရှိ၏ ။
ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်ကလူမပြုနိုင် ။
ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏။ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော
ဥတုဇရုပ်ဖြစ်၍
ငရဲခံရမည့်သူများသာပူပြီး ငရဲထိန်းများမှာမူပူလောင်ခြင်း မရှိ။ အကုသိုလ်
နည်းနည်းဖြင့်ငရဲသို့ ရောက်လာသူများကိုသာ စစ်ဆေးခြင်းဖြစ်၏ ။
မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက်
သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ
အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊
အချို့ အာကာသ တစ်နေရာမှာ ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။
“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ်
နတ်မျိုးဖြစ်သော ဘီလူးများသည် အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။
မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့
သရုပ်ဖော်သည် ...
“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင်ဘိတ်လျက် သပိတ်လုံးနှယ်၊
မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊ ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ်
မှူးမှူးတည်း။
ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှပြန်ပေါ်မလာနိုင်တော့တဲ့ “ထာဝရငရဲ”ဆိုတာ မရှိပါဘူး။
ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့်ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ
လူ့ဘဝ နတ်ဘဝတွေကို ပြန်ရောက်လာပြီးတရားအားထုတ်လို့ ဗောဓိဉာဏ်ကိုတောင်ရနိုင်ပါသေးတယ်။
ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့အင်မတန် လှပတဲ့
ဗုဒ္ဓဒဿ နပါပဲ။
“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”
သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။
ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေကပဲအာကာသမှာ သက်ရှိလောက
ရှိနိုင်တယ်လို့
ဆိုလာကြတယ်။
သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာသက်ရှိသတ္တဝါ ရှိတယ်”
ဆိုတဲ့ သိပ္ပံနိယာမရယ်၊ရေဆူမှတ် နီးနီးပူနေတဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ
အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲကအပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့
သက်ရှိလောကတစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။
တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ်
လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ်
စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို
သိပ္ပံဆရာတို့ရဲ့အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။
【စာရိုက်ပူဇော်သူ
- Admin Team ofYoung Buddhist Association】
【ဆရာတော်အရှင်ကေလာသ
၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။
( Mogok Dhamma မှတဆင့်
ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ)
No comments:
Post a Comment