Monday, October 25, 2021

စုန်းကဝေနဲ့ပတ်သက်လို့ ---ယုံကြည်ရခက်ခဲနေတဲ့သူတွေ သေချာဖတ်ကြည့်ပါ

 

 
စုန်းကဝေနဲ့ ပတ်သတ်ပြီး ယုံကြည်ရ ခက်နေတယ်။ ရှိမရှိကို သိချင်တယ် ဆိုပြီး ဦးဇင်းကို ပို့စ်တင် ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်း လေ့လာမိ သလောက်လေးကို မိမိ အချိန်ထဲကနေ အများအတွက် ရေးသား တင်ပြ ပေးလိုက်တာပါ။
မြတ်ဗုဒ္ဓ မိန့်ကြား ခဲ့တဲ့ ပါဠိတော် ထဲမှာတော့ ဦးဇင်း မှတ်သားဖူး သလောက် ပြောပြ ရမယ် ဆိုရင် ဝိနည်းမဟာဝါ (ဝိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ- ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ ပါတယ်။
 
အဲဒီလို စားမိခဲ့လို့ ရဟန်း စုန်းပြုစား ခံရတာကို မြတ်စွာဘုရားက သိတော့ သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစား ခံရတဲ့ ရဟန်းကို သောက်ခိုင်း လိုက်တာ ပျောက်ကင်းခဲ့ တယ်လို့ ပါရှိ ပါတယ်။
အဲဒီတော့ စုန်းဆိုတာ တကယ် ရှိတယ် ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘဝက ကမ္မသိဒ္ဓိအစွမ်း ပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့ လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။
တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ် ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်း ကိုယ်စီမှာ ရှိကြပါတယ်။
တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိ ပါတာကို အသုံးမချမိလို့ မသိတာမျိုး ရှိသလို အသုံးမချတတ်လို့ အသုံးမကျတာ မျိုးလည်း ရှိနေပါတယ်။
ဥပမာ- မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။
အဲဒီလိုပါပဲ မွေးရာပါ ကမ္မသိဒ္ဓိ အစွမ်းပါတဲ့ မိန်းမများဟာ သူတို့ သာမာန်ချိန်မှာတော့ သူတို့မှာ ပါလာတဲ့ စုန်းပညာကို အသုံး မချတဲ့အတွက် မသိဘဲ ဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့ အခါမျိုးမှာ ပေါ်ထွက် လာပါတယ်။
အဲဒီလို ပေါ်ထွက်လာတဲ့ နောက်ပိုင်းမှာတော့ သူတို့စုန်းပညာ ပါတယ် ဆိုတာ သိပြီး သူများကို ဒုက္ခပေးနိုင်တယ် ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော် လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီး လုပ်တာမျိုးလည်း ရှိပါတယ်။
စုန်းပညာ တစ်ခါလုပ်ဖူးလို့ စုန်းပညာ တတ်တယ်ဆိုတာ သူ့ကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကို ကြည့်တဲ့အခါ သူ့မျက်စိကို ကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုး ပြောင်းပြန် ပေါ်နေတယ်လို့ ဦးဇင်းကြားဖူး ပါတယ်။
အဲဒီတော့ စုန်းပညာတတ်တဲ့လူ ဟုတ်မဟုတ်ကို သူ့မျက်စိ စိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ် ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့ နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစား ခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါ လိမ့်မယ်။
ဒါဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပေးခဲ့တဲ့ ဆေးမို့ အစွမ်းထက်မယ် ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပေးခဲ့တဲ့ ဆေးက မှန်ဘီးလူနဲ့ ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးမျာ းစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။
အဲဒီတော့ စုန်းကဝေနဲ့ ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်ခဲ့တာကို ထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာ ရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ ရပါကြောင်း၊
စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေး လုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေ ပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်း လုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊
တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှု အကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါး ကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့ စုန်းပြုစား ခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့ နည်းအတိုင်း ဖြေရှင်းလို့ရတယ် ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲ ပြောရင်း ဦးဇင်းသိသမျှ အသိပညာ ဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။
ဆရာတော်အရှင်ကောမလ (ခ) ဆန်နီနေမင်း

No comments:

Post a Comment

ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား

 ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား   ” ဗိုက်ပူတာ ဘာကြောင့်လဲ ” လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ...