မြန်မာနိုင်ငံမှာ ကိုးကွယ်ရာ ဘာသာကြီးလေးခုရှိပေမဲ့လည်း ရိုးရာယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့အတူ မိရိုးဖလာ ဆက်လက် ကိုးကွယ်နေသူတွေ၊ အတွေ့အကြုံကြောင့် ယုံကြည်နေသူတွေ၊ စိတ်ခွန်အားဖြည့်အဖြစ် အားထားနေသူတွေနဲ့အတူ နတ်တွေဟာ နာမည်ကျော်ပါတယ်။
နတ်ကိုးကွယ်မှုတွေထဲကမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခွင်က နတ်တွေကိုတော့ ပွဲတော်တွေခြိမ့်ခြိမ့်သဲ ပြင်ဆင်ပူဇော်လေ့ရှိကြပြီး တခြားရိုးရာနတ်တွေ၊ နယ်မြေဒေသအလိုက်
ကိုးကွယ်တဲ့နတ်တွေကိုလည်း မိမိတို့ မိရိုးဖလာနည်းလမ်းတွေနဲ့ ပူဇော်ပသကြပါတယ်။ ဒီတစ်ပတ်တော့ နာမည်ကျော်တဲ့ နတ်တွေအကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။
၁။ ကိုကြီးကျော်
သီးသန့် နတ်သီချင်းနဲ့ ချီးမြှောက်ပူဇော်ခံရတဲ့ ကိုကြီးကျော် နတ်က နတ်ဒိုးသံမြိုင်မြိုင်နဲ့အတူ နိုင်ငံတစ်ခွင်မှာ ထင်ပေါ်ပါတယ်။ ကြက်တိုက်တတ်ပြီး ထန်းရည်လည်းကြိုက်တာမို့ ရွှေရောင်တောက်နေတဲ့ အဝတ်အစားတွေနဲ့ သူ့ရုပ်ပုံမှာ ကြက်ဖတစ်ဖက်၊ အရက်ခွက် တစ်ဖက်ပါမှ ပုံဖော်မှု ပြည့်စုံတယ်လို့ ဆိုရမှာပါ။ ဒေါသကြီးသလို စောင့်ရှောက်မှုအစွမ်းလည်းမြင့်တဲ့ ကိုကြီးကျော်ကို သူ့ဇာတိ ရေစကြိုမြို့နယ်၊ ထန်းတော ကူနီကျေးရွာမှာတော့ သခင်ကြီးလို့ ခေါ်ကြပြီး ယုံကြည်မှုပြင်းထန်ကြပါတယ်။
၂။ အမေဂျမ်း
အပြောကြမ်းကြမ်း၊ ခပ်စွာစွာနဲ့ အော်ဟစ် သောင်းကျန်းတတ်လို့ လူတွေ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ အမေဂျမ်းရဲ့ ငယ်နာမည်က မချမ်းသာပါတဲ့။ နာမည်ကျော် သူခိုးကြီး ငတက်ပြားနဲ့ အကြောင်းပါရာက ခင်ပွန်းသည်အတွက် ထန်းရည်ရှာပေးရတဲ့ တာဝန်ကျေတဲ့ ဇနီးသည်တစ်ယောက်ပါ။ ထန်းရည်အိုးရွက် ပြန်လာရင်း ရေငတ်လို့ ထန်းရည်မြည်းစမ်းသောက် ကြည့်ရာက နှစ်သက်စွဲလန်းသွားခဲ့ပြီး ထန်းရည်မူးချိန် ထိန်းမနိုင်အောင် စကားကြမ်းကြမ်းတွေ ထုတ်ပြောတတ်သူ ဖြစ်လာပါတယ်။ ထန်းရည်မူးရင်း တံခါးမှူးနဲ့ ရန်ဖြစ်ရာက သေဆုံးသွားတယ်လို့ ရေးကြသလို ရှင်ဘုရင် တိုင်းခန်းလှည့်လည်ချိန်နဲ့ ဆုံရင်း ဆဲရေးမိလို့ သေမိန့်ပေးခံရသူလို့လည်း ရေးသားကြပါတယ်။
၃။ မနှဲလေး
သုံးပန်လှမင်းသမီးရဲ့ သမီးတော်လေးက မိခင်သေဆုံးချိန်မှာ ရင်ကွဲနာကျကာ ကလေးဘဝနဲ့ပဲ သေဆုံးသွားပြီး နတ်ဖြစ်သွားတယ်လို့ အဆိုရှိပါတယ်။ မိန်းကလေးငယ်ငယ်ရုပ်တုမှာ ရွှေလက်ကောက်တွေ၊ ပုလဲပုတီးတွေ ဆင်ပေးထားတတ်ပြီး သူ နှစ်သက်တယ်လို့ နာမည်ကျော်တဲ့ သကြားလုံးတွေ၊ ကြက်ဥပြုတ်တွေနဲ့ ပူဇော်ပသလေ့ရှိပါတယ်။ သူ စိတ်တိုနေရင် ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို သတိပေးချင်ရင် လိုက်ဆိတ်တတ်တယ်လို့လည်း ယုံကြည်ကြပြီး ကလေးငယ်တွေနဲ့ အိမ်ကို စောင့်ရှောက်ပေးဖို့ ကိုးကွယ်ကြပါတယ်။
၄။ ရွှေဖျဉ်းမင်းညီနောင်
မင်းကြီး မင်းလေးလို့လည်း ခေါ်ကြတဲ့ နာမည်ကျော် ဒီမင်းနှစ်ပါးဟာ ပုပ္ပားမယ်တော်ရဲ့ သားတော်တွေပါ။ ပျိုရွယ်တဲ့မင်းသားတွေ ဟာ ရက်သေစာ သောက်စားမူးရူးနေလေ့ရှိပြီး ရှင်ဘုရင်အမိန့်နဲ့တည်တဲ့ စေတီတော်ကို လုပ်အားပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သေမိန့်ပေးခံခဲ့ရသူတွေပါ။ စီးပွားရေးလုပ်ငန်းရှင်အများစုရဲ့ အားထားရာ နတ်မင်းနှစ်ပါးဖြစ်ပြီး နှစ်စဉ် တောင်ပြုန်းမှာ ခြိမ့်ခြိမ့်သဲသဲ ပူဇော်ပသကြပါတယ်။
၅။ ပုပ္ပားမယ်တော်
ရွှေဖျဉ်းမင်းညီနောင်နှစ်ပါးရဲ့ မယ်တော်ဖြစ်ပြီး ငယ်နာမည်က မယ်ဝဏ္ဏပါ။ သားနှစ်ယောက်စလုံး သေမိန့်ကျခံအပြီး နတ်စိမ်းတွေဖြစ်သွားချိန်မှာ ထိန်းမရအောင်သောင်းကျန်းကြတဲ့အတွက် မိခင်မယ်တော်ဖြစ်သူကို ဘုရင့်အမိန့်နဲ့ သားနှစ်ပါးကို တာဝန်ယူစေပါတယ်။ မိခင်ကို ချစ်ခင်ရိုသေတဲ့ သားနှစ်ပါးအတွက် ရင်ကွဲနာကျပြီး သေဆုံးသွားချိန်မှာတော့ သူကိုယ်တိုင် နတ်စိမ်းဘဝကို ရောက်ခဲ့ပါတယ်။ ပုပ္ပားတောင်တော်နဲ့ နယ်မြေတစ်ဝိုက်ကို အပိုင်စားပေးခံရတဲ့အတွက် တောင်တော်သခင်မ (သို့) ပုပ္ပားမယ်တော်လို့ ခေါ်တွင်ကြပါတယ်။
၆။ ဦးရှင်ကြီး
ရေငံပိုင် ဦးရှင်ကြီးလို့ နာမည်ကျော်တဲ့ နတ်စိမ်းတစ်ပါးဖြစ်ပြီး မုန့်ဆန်း၊ ငှက်ပျော၊ အုန်းစသဖြင့် လေးစားစွာ ပူဇော်ပသခံရသူ နတ်တစ်ပါး ဖြစ်ပါတယ်။စောင်းကောက်ကိုပိုက်ပြီး ခပ်ဝေးဝေးကို ငေးနေတဲ့ လူရွယ်တစ်ဦးရဲ့ဟန်က ဦးရှင်ကြီးကို ကိုယ်စားပြုပြီး လူ့ဘဝတုန်းက ပင်လယ်ထွက်ရာကနေ မိန်းမလှကျွန်းကို ရောက်ခဲ့သူလို့ ပါးစပ်ရာဇဝင်ရှိပါတယ်။ မိန်းမလှကျွန်းက ဘီလူးမတွေက မောင်ရှင်ကို သဘောကျပြီး ပြန်မလွှတ်ရာက နတ်စိမ်းဘဝပြောင်းသွားရတယ်လို့လည်း လွမ်းမောစရာ ပြောစမှတ်ပြုကြပါတယ်။
၇။ နံကရိုင်းမယ်တော်
စွန့်ပစ်ခံရတဲ့ အိမ်ရှေ့စံမင်းသားလေးကို ကာကွယ်ပေးခဲ့တဲ့ ကျွဲမကြီးကို မင်းသားလေးကြီးလာတဲ့တစ်နေ့မှာ အကြောင်းကြောင်းကြောင့် မဖြစ်မနေ သတ်ခဲ့ရတဲ့ ပါးစပ်ရာဇဝင်ဇာတ်လမ်းလေး ရှိပါတယ်။ မင်းသားလေးက ဘုရင်ဖြစ်သွားချိန်မှာလည်း သူ့ကို ချစ်ခင်စောင့်ရှောက် ခဲ့တဲ့ ကျွဲမကြီးရဲ့ဦးခေါင်းကို ကိုးကွယ်ရာက အစောင့်အရှောက်ကြီးတဲ့၊ ကာကွယ်ပေးတဲ့ မိခင်ကျွဲမကြီး နံကရိုင်းမယ်တော်က ယုံကြည်ကိုးကွယ်သူတွေ များခဲ့ရပါတယ်။ စီးပွားတက်ဖို့၊ ဘေးအန္တရာယ်က စောင့်ရှောက်နိုင်ဖို့အတွက် ဆုတောင်းပသလေ့ရှိပါတယ်။
၈။ မြနန်းနွယ်
အစိမ်းရောင် မင်းသမီးအဖြစ် နာမည်ကျော်တဲ့ မြနန်းနွယ်ကိုတော့ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီဝင်းထဲမှာ အဆောင်သပ်သပ်နဲ့ တွေ့နိုင်ပါတယ်။ မင်းမျိုးမင်းနွယ်က ဆင်းသက်လာတဲ့ မင်းသမီးလေးက မကွယ်လွန်မီမှာ ဗိုလ်တထောင် စေတီတော်ကို ပိုင်ဆိုင်သမျှ လှူဒါန်းခဲ့ပြီး ကွယ်လွန်ချိန်မှာလည်း စေတီပေါ်မှာ တွေ့မြင်ရလေ့ရှိတယ်ဆိုပြီး အရပ်စကားနဲ့ ပြောဆိုကြပါတယ်။ အဓိဋ္ဌာန်ပြည့်တာကြောင့် ထိုင်းလူမျိုးတွေရဲ့ အဓိက ကိုးကွယ်ခြင်းခံရသလို ပညာရေးနဲ့ ရာထူးတိုးရေး၊ ဝန်ထမ်းရေးရာ ပိုင်းကို စောင့်ရှောက်တယ်လို့ လူသိများပါတယ်။
၉။ ပန်းပဲမောင်တင့်တယ်
ပုဂံခေတ်က အင်အားဗလကြီးပြီး ချောမောတဲ့ ပန်းပဲသမား မောင်တင့်တယ်ကို ရှင်ဘုရင်က ထီးနန်းလုမှာ စိုးရိမ်တဲ့အတွက် သစ်ပင်မှာချည်ကာ မီးရှို့သတ်ပစ်ရာက နတ်စိမ်းတစ်ပါး ဖြစ်လာတယ်လို့ ရေးသားထားကြပါတယ်။ နတ်ကိုးကွယ်တဲ့ အိမ်အတော်များများမှာ အိမ်တွင်းနတ်စင်လေးတစ်ခုရှိပြီး ညနေစောင်း အိမ်မှာ မီးတွေမထွန်းခင် လိုက်ကာလေး ပိတ်ပေးတတ်ကြတဲ့ ဓလေ့ရှိပါတယ်။ မိသားစုနဲ့ အိမ်ကို အားမာန်အပြည့်နဲ့ ကာကွယ်စောင့်ရှောက် နိုင်စေဖို့ အဓိက ကိုးကွယ်ကြပါတယ်။
၁၀။ ပုန်းမကြည်နတ်
ပုန်းမကြီးလို့လည်း ခေါ်ဝေါ်တဲ့ နတ်တစ်ပါးဖြစ်ပြီး တပေါင်းလ ဆန်း ၁ ရက်ကနေ ၈ ရက်အတွင်း တောင်သူလယ်သမား၊ ကိုင်းကျွန်း၊ စိုက်ပျိုးရေးလုပ်သူတိုင်း ပူဇော်ပသရတဲ့ နတ်ဖြစ်ပါတယ်။ မိုးလေမှန်အောင် စပါး၊ ပဲ၊ နှမ်း၊ ဝါ အထွက်တိုးအောင် စောင့်ရှောက် ပေးတယ်လို့ ယုံကြည်ကြပြီး ပုန်းမကြည်နတ်အတွက် ထမင်း၊ လက်ဖက်၊ မုန့်ဆီကြော် (မုန့်ဖြူ၊ မုန့်နီ)တို့နဲ့ ပသကြရပါတယ်။ လေမတိုက်ဖို့၊ မိုးမကြီးဖို့၊ အထွက်နှုန်းကောင်းဖို့နဲ့ လယ်ယာမြေ အပျက်အစီးမရှိဖို့ စောင့်ရှောက်ခိုင်းလေ့ရှိပါတယ်။
Source: mmtimes
No comments:
Post a Comment