တပေါင်းလ ရောက်သော် အညာဒေသ မြင်းခြံ l ပခုက္ကူ နှင့် ရေစကြို နယ်တို့တွင် လှုတ်လှုတ်ရွရွ။ ကူနီနတ်နန်း နှင့် ပခန်းကိုကြီးကျော် နတ်ပွဲးသို့ လောကီးအကျိုး စီးပွား လိုလား တောင်းတသူများ နှင့် မူးချင်l ရူးချင် l ပျော်ချင် l ပါးချင် သူတို့ တပျော်တပါး သွားကြ၏။ ယင်းပွဲမှာ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုနှင့်
အညာဒေသ ပွဲတော် တစ်ခု၏ အလှတရား တို့ပေါင်းဆက် တည်ရှိရာ ရိုးရာနတ်ပွဲး လည်းဖြစ်သည်။သို့သော် ထိုနတ်ပွဲး အကြောင်း ဂဃနဏ သိသူ လေ့လာသူမှာ ရှား၏။
ပုဂံခေတ် သက္ကရာဇ် ၉၆ တွင် သိင်္ဃမင်း အနိစ္စရောက်လျှင် သားတော်ကြီး သိန်းခွန်းမင်း နန်းတက်၏။ ပုဂံမင်းဆက် ၅၅ ဆက် တွင် သိန်းခွန်မင်းသည် ၂၇ ဆက်မြောက် ဖြစ်သည်။ အေဒီ ၇၃၄ မှ ၇၄၄ အထိနန်းစံခဲ့သည်။ အနော်ရထာ မတိုင်မှီ အနှစ် ၃၀၀ တိတိတွင် အနိစ္စ ရောက်၏။ ထိုမင်းတွင် ရွှေကိုင်း (မြောက်နန်း) နှင့် ရွှေလောင်း (တောင်နန်း) မိဖုရား နှစ်ပါးရှိလေသည်။ ရွှေလောင်း မိဖုရားမှာ ရွှေလောင်းမြို့စား မင်းမျိုးမင်းနွယ် ဖြစ်၏။ ရွှေကိုင်း မှာ မြင်းခြံမြို့ အနီး သဲဖြူဝရွာ အနီးမှ ရွှေကိုင်းရွာသူ ဖြစ်၏။ ရွှေကိုင်းမိဖုရား မှ ဖွားမြင်သူမှာ စည်သူ နှင့် ကျော်စွာ ညီနောင် အသက်ကြီးသူများ ဖြစ်၏။ ရွှေလောင်းမိဖုရားမှ ဖွားမြင်သော ရွှေလောင်းမင်းသားမှာ အသက်ငယ်သူ ဖြစ်သည်။
မင်းကြီးသည် ညီနောင် ၃ပါး ဖြစ်၍ အိမ်ရှေ့ရာထူးနှင့် ထီးနန်းလွှဲအပ်ရန် စဉ်းစားရ ခက်နေသည်။ အစဉ်လာအရ တောင်နန်း၏ သားတော်သာ အိမ်ရှေ့အရာ ပေးရပေမည်။ သို့သော် အသက်မှာ အငယ်ဆုံးဖြစ်၍ ၁၈ နှစ်ပင်မပြည့်။ သာတော်ကြီးများ ပေးလျှင်လည်း အစဉ်အလာ ပယ်ရာကျပေမည်။ မပေးခင် မင်းကြီး သေလျှင်လည်း နန်းလုပွဲ ဖြစ်ကြတော့မည်။
ထိုစဉ် တောင်ညိုလယ်မ နှင့် တောင်ငူ အရပ် တွင် ပုန်ကန်မှု ဖြစ်ရာ သားကြီး နှစ်ပါးကို နှိမ်နင်းရန် စစ်ထွက်စေ၏။ မင်းသားကြီး နှစ်ပါး စစ်ထွက်နေစဉ် မင်းကြီး နာမကျန်းဖြစ်ရာ သားတော် အငယ်ဆုံး အားထီနန်း အပ်လေ၏။ တောင်းနန်း၏ သားတော် အိမ်ရှေ့အရာ ပေးသည်မှာ အစဉ်လာဖြစ်၍ မှူးမတ်များလည်း သဘော တူညီကြလေသည်။ သို့သော် ရွှေကိုင်းမိဖုရားမှာ မကျေနပ်။ ဝမ်းနည်း ပူဆွေးကာ သောကမီးတောက်လောင်၍ သေလေရာ နတ်စိမ်း ဖြစ်လေတော့၏။
မြင်းခြံမြို့နယ် ကိုင်းရွာတွင် ရွှေကိုင်းမယ်တော်ကြီး နတ်နန်းရှိ၏။ နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်တွင် သားဖြစ်သူ ပခန်းကိုကြီးကျော် ကူနီနတ်ပွဲးသို့ နန်းတက်သည်။ ကျော်စွာမင်းသား၏ ကျုံးတူးမြောင်း ကိုမြင်လျှင် စိတ်နာသည်ဟု အဆိုရှိ၏။ ဧရာဝတီကို ဖြတ်ကာ ရွာစဉ်တလျှောက် ရပ်နား၍ လဆန်း ၁၂ ရက်တွင် နွယ်နီရွာ ဝင်၍ညအိပ် ရပ်းနားပြီး နောက်နေ့တွင် ထိုမှ ကျွဲလှည်းစီး၍ ကူနီနန်းသို့ ဝင်လေသည်။ သားကို မကြည့်လို၍ နောက်ပြန် နန်းတက်လေ့ရှိသည်။ ဓားသွေးပြီး ပြန်ဆင်းကာ ယာယီနန်းဖြင့် စံလေ၏။
ညီနောင်နှစ်ပါးသည် တောင်ငူအရပ်မှ ပုန်ကန်မှု နှိမ်နင်း အောင်မြင် သဖြင့် ပုဂံသို့ အပြန်ခရီးတွင် ညီတော် ရွှေလောင်း မင်းသားအား အိမ်ရှေ့အရာ ပေးအပ်း၍ မယ်တော်ကြီး ကွယ်လွန်ကြောင်း သိလျှင် ပုဂံသို့ မပြန်တော့ပဲ ဧရာဝတီကို ဖြတ်လျှက် မြောက်သို့ ထွက်ခွါလာ၏။ အရှေ့ဘက် နှင့် မြောက်ဘက်တွင် ချင်းတွင်း l တောင်ဘက် တွင် ဧရာဝတီ l အနောက်ဘက်တွင် ရှင်မတောင် တောင်မကြီး ဝန်းရံထားသော မြေပြန့် လွင်ပြင်တွင် ရပ်နားကြ၏။ ထိုနေရာသည် ဂေါတမ ဘုရား အလောင်းတော် ခြင်္သေ့မင်း l ကျေးမင်း l ဟင်္သာမင်း ဘဝနေခဲ့ဘူးသော အရပ်ဖြစ်ခြင်း l ဓနုသီဟမင်း မြို့တည် ခဲ့ဘူးသော နေရာဖြစ်ခြင်းကြောင့် ခံတပ်နှင့် မြို့သစ် တည်ကြလေ၏။ မြစ်ကို ကူးသန်းဖြတ်ကျော် မြို့တည်သောကြောင့် ကူးသန်းမြို့ဟု ခေါ်စေ၏။ မြို့ရိုး l ကျုံး တည်ဆောက်ရာ ချင်းတွင်းမြစ်ရေကို တူးမြောင်းဖြင့် သွယ်ယူရန် ဆုံးဖြတ်လေသည်။ စည်သူ မင်းသားသည် မြို့ရိုးနှင့် ကျုံးကို တာဝန်ယူ တည်ဆောက်၍ ကျော်စွာမင်းသားမှာ တူးမြောင်းကို တာဝန်ယူ တည်ဆောက် ရ၏။ ကျော်စွာမှာ တူးမြောင်းကို စိတ်မဝင်စား ဂရုမစိုက်ပဲ ထန်းရည်သောက် ကြက်တိုက်ဖြင့် အချိန်ကုန်လွန်၏။ မြို့တည် သည့်နှင့် တပြိုင်တည်း ကူဖြူ နှင့် ကူနီ ဘုရားများလည်း တည်ထား၏။ ကူဖြူ ဘုရားမှာ တူးမြောင်း အနောက်ဘက်တွင် ရှိ၍ ကူနီဘုရားမှာ အရှေ့ဘက်တွင် ရှိ၏။
ဧရာဝတီနှင့် ချင်းတွင်းကြား ကျုံးဖြင့် ဆက်သွယ်သော တူးမြောင်းကြီး ရေစတင်လွှတ်သောနေ့။ ရေစတင် ကြိုယူသောရွာကို ရေစကြိုဟု သတ်မှတ်၏။ ရေမှာ မြောင်းတွင်းသို့ မစီးဝင် ရေမဆင်း၍ နောင်တော်ကြီး စည်သူမင်းသားမှာ ညီတော်အပေါ် အမျက်ဒေါသ ထွက်လျှက်။ ထိုအချိန် ရွှေကူနီ ဖုရားအနီး ကြက်ဝိုင်းတွင် ညီတော် မင်းသား ကျော်စွာ မှာ ထန်းရေကြိုက်လိုက် ကြက်တိုက်လိုက် လုပ်နေ၏။ တူးမြောင်းအတွင်း ရေမဝင်၍ ဒေါသ ထွက်နေသော နောင်တော်သည် ညီတော်ကို ဇွတ်ခေါ်စေ၍ ညောင်ဖြူပင် ခြေရင်းတွင် လက်သုံးတော် ဓားဖြင့် ခုတ်ပိုင် သတ်လေရာ ကျော်စွာ မှာ ကြက်ကိုပိုက်လျှက် မြင်းမှကျ၍ သေလေ၏။ ၎င်း၏ ဇနီး မဘို့မယ် မှလည်း သူကိုပါ သတ်ရန် ငိုယိုဆဲဆိုသဖြင့် သူ့ကိုပါ သတ်ရလေတော့သည်။
ထိုမှ နတ်စိမ်း ဖြစ်သွားသော ကျော်စွာ နှင့် တပည့်များသည် နောင်တော် စည်သူမင်းသား ကူဖြူဘုရားသို့ ရောက်လျှင် ဝိုင်း၍ သတ်ရာ စည်သူလည်း နတ်ဖြစ်လေ၏။ ဂူဖြူ ဘုရား အနီး စည်သူ၏ နတ်ကွန်းမှာ မြစ်ရေ တိုက်စားသဖြင့် ယခုမရှိတော့ပေ။ နောင်တွင် စည်သူမင်းသား၏ နတ်နန်းမှာ ၃ မိုင်မျှဝေးသော နေရင်းရွာတွင် ရှိပြီး တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ညီတော့် နန်းသို့ တက်၏။ ကိုကြီးကျော်နန်း အရှေ့ဘက်တွင် ယာယီနန်းထိုးကာ နန်းပေါ်သို့ နောက်ပြန်တက်ပြီး ဓားသွေးကာ ပြန်ဆင်းလေရှိသည်။
ညီနောင် နှစ်ပါးသည် အဖေတူ အမေတူ တစ်အူတည်းဆင် ညီအကိုရင်း ဖြစ်လျှက် တစ်ယောက်နှင့် တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ကြ၍ နတ်စိမ်းများ ဖြစ်သွားကြသည်။
ဗုဒ္ဓ ဟောသော ၃၁ ဘုံတွင် ဗြဟ္မပြည် ၂၀ နှင့် နတ်ပြည် ၆ ထပ်သည် နတ်စိမ်းတို့ နေရာ ဌာနမဟုတ်။ ငရဲပြည်မှာလည်း သီးခြား ဖြစ်တည်၏။ လူ l တိရိစ္ဆာန် (မြင်ရသော သတ္တဝါ) ဗြိတ္တာ l အသူရကာယ် (မမြင်နိုင်သော သတ္တဝါ) တို့မှာ ရောနှော တည်ရှိ၏။ အတူ နေထိုင်သော ဘုံဌာနဖြစ်၍ ကိုးကွယ်သည် ဖြစ်စေ ကူညီသည်ဖြစ်စေ မေတ္တာကို အခြေခံ ဆက်နွယ်သဖြင့် ကောင်းသော အမှုဖြစ်ပေသည်။
ထေရ်ဝါဒ ဗုဒ္ဓ ဘာသာတွင်မှု သရဏဂုံ သုံးပါးသာ ယုံကြည်အားထား ကိုးကွယ်ရာ ဖြစ်၍ နတ်စိမ်းတို့အား ကိုးကွယ် ယုံကြည်ခြင်းထက် မေတ္တာပို့ အမျှဝေခြင်း l ဗလိနတ်စာ ကျွေးခြင်း က ပိုမိုသင့်မြတ်ပေသည်။
လူတိုင်းတွင် မတူညီသော အသိဉာဏ် l ပညာ l အယူအဆ l ယုံကြည်မှု နှင့် ကိုးကွယ်မှုများ ရှိကြ၏။ တပါးသူအား မထိခိုက်သ၍ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်၏။
တိုင်းပြည် စည်ကားကြောင်း ခုနှစ်ပါးတွင် "နတ်ဌာန် အရပ်ကိုလည်း ပို့သမြဲ ပို့သရာ၏" ဟုတစ်ပါး ပါဝင်ပေသည်။ မြန်မာတို့သည် "ရှေးထုံးလည်း မပယ်နှင့် စျေးသုံးလည်း မလွယ်နှင့် ဟု ရှေလူကြီးတို့ ဆိုရိုးစကား ရှိလေရာ မိမိစိတ်ဆန္ဒသာ အဓိက ဖြစ်ပါကြောင်း
မှီငြမ်း ဒေါက်တာ သက်လွင်
No comments:
Post a Comment